ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 14 September 2013

သားပိုင်နှင့်  ဟစ်ဟော့

အခုတလော မလေးသားပိုင် တယောက်လေ ဟစ်ဟော့ရေစီးကြောင်းထဲမျောပါနေလေရဲ့။ ကလေးတွေများ အတုခိုးမြန်တာနော်။ မလေးက သားပိုင်ကလေး ကြည့်ပါစေဆိုပြီး ဟစ်ဟော့သီချင်းလေးတွေ ဖွင့်ပေးတာပေါ့။ ဟစ်ဟော့အဆိုတော်တွေက သီချင်းဆိုရင် လက်ကလေးတွေ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက် အစုံပေါ့နော်။ သူတို့ ရဲ့ ဒီဇိုင်းလေးတွေက။ မလေးကတော့ အဆိုတော်တွေရဲ့ အမူအရာတွေကို သိပ်သတိမထားမိလိုက်ဘူး။ အဲလိုလိုက်လုပ်တတ်လိမ့်မယ်လို့ လဲမထင်တာ။ မလေးတစ်ယောက်ပိုင်ကို လျော့တွက်တာ။ တရက်ကျတော့ သားတော်မောင်ပိုင်လေ ဘောင်းဘီထဲ လက်နှိုက်ပြီး" ဟေးရို့ ရို့ " ဆိုပြီးလုပ်တာ။ မလေးဆိုတာ မျက်လုံးကိုပြုးလို့ ။ အဲဒါနဲ့ သားကိုမေးရတာ သားအဲဒါဘယ်သူ လုပ်တာမြင်ဘူးလဲမေးတော့ မေမေဖွင့်ပေးတဲ့ တီဗွီထဲကအဆိုတော်တွ လုပ်တာလေတဲ့။ အင်းဖွင့်ပေးတဲ့မလေးအပြစ်။ အဲဒီနောက်ပိုင်းကစပြီး ပိုင်တစ် ယောက်ဘောင်းဘီထဲကို လက်နှိုက်တက်သွားတယ်။ သူများ လက်လှုပ်တာက အပေါ်ယံတင်။ ပိုင်ကျတော့ အတွင်းထဲထိ ကိုင်၊ ကိုင် ပြီး " ရို့ ရို့ " လုပ်နေလို့ မနည်းကို အကျင့်ပြင်နေရတယ်။ ဒီအရွယ်တွေက အတုမြင် အတတ်သင်တယ်လေ။ ကလေးကို တစ်ယောက်ထဲ ထားလို့ မရတော့ဘူး။ ငယ်ငယ်ထဲက စနစ်တကျနဲ့  ပြုစုပျိုးထောင်ပေးရတော့မယ်။ ဘာလို့ လဲဆိုတော့ ပိုင်တို့ ခေတ်ရောက်လာရင် ဘာတွေထပ်ပြီး တိုးတက်လာအုံးမယ် ဆိုတာမသိနိုင်ဘူး။ မလေးတို့ ခေတ်နဲ့ တောင်အရမ်းကွာနေပြီ။ မလေးတို့ ငယ်ငယ်ကဘာဟစ်ဟော့မှ မရှိသေးဘူး။ အခုကျတော့ အရမ်းကြီးခေတ်မှီပြီး ပြောင်းလဲလာတယ်။ မလေးတို့ ငယ်ငယ်က မေမေက ပြောဘူးတယ်။ သားသမီးကို ထိန်းရတာ စောင်းကြိုးလို့ ပဲတဲ့။ လျှော့သင့်တဲ့အချိန်မှာ လျှော့ပြီး ၊ တင်းသင့်တဲ့ အချိန်မှာ တင်းပေးရတယ်တဲ့။
မလေးကိုယ်တိုင်တောင် မိခင်ဖြစ်လာမှ ဒီအကြောင်းတရား တွေကို နားလည်လာတာ။ သြော်မေမေ ပြောတဲ့စကားကမှန် လိုက်တာပေါ့။ သားကိုလည်း သေချာဆုံးမသွန်သင်ရမယ်။ အစကောင်းမှ အနှောင်းသေချာမှာ။ သားပိုင်လေးတောင် ၂နှစ်ခွဲ ပြည့်တော့မယ်။ မိဘဆိုတော့လည်း ဒီအရွယ်ပဲ ရှိသေးတာတောင် စိတ်ပူမိသား။

ဒီရက်ပိုင်းဆို ပိုင်က သီချင်းလေး တအေးအေးနဲ့ လေ။ သားဆိုတဲ့သီချင်း က " ရဲတွေလာနေ ရဲတွေလာနေ" တဲ့လေ။ ပြီးတော့လည်း 'ဘာတဲ့လဲလဲ.လဲလဲ..လဲလဲ..လဲလဲ...တဲ့"့  အခုခေတ်သီချင်းတွေက ဘာတွေလည်း မသိတော့ဘူး။ မလေးကိုယ်တိုင်ကလည်း ခေတ်မမှီတော့တာနေမှာ။ အင်းခေတ်ကို အညီလိုက်အုံးမှ။ တော်ကြာ သားတော်မောင်က အားလုံးသိနေပြီး ကိုယ်က မသိသေးဆိုလည်း မဖြစ်သေးဘူး။ မလေးကတော့  သားဆိုတဲ့ သီချင်းက ဘာပါလိမ့်ပေါ့။ နောက်မှ မောင်ငယ်ရဲ့ မေးကြည့်တော့ သြော် အဆိုတော်ထွန်းထွန်း (example) ဆိုထားတဲ့ သီချင်းဆိုတာ သိတာ ။ ဟိုလဲလဲ...လဲ သီချင်းကတော့ နစ်ကီဆိုတာတဲ့။ မလေးက ဟစ်ဟော့ သီချင်းတွေကို သားကြည့်ဖို့ သာ ဖွင့်ပေးထားတာ သိပ်နားမထောင်ဖြစ်ဘူး။  သီချင်းဆို အေးအေးလေးတွေပဲ ကြိုက်တာ။ ကိုယ်ကြိုက်တာ ၊ မကြိုက်တာထက် မိဘဆိုတော့ သားကို ဦးစားပေးဖြစ်တာပေါ့။ ကလေးတွေက အဲလို သီချင်းတွေမှ ကြိုက်တာ။ ဟစ်ဟော့ဆို စိုင်းစိုင်းတို့ လောက်သာသိတာ။ အခုနောက်ပိုင်း လူငယ်လေးတွေကျ သိပ်မသိတော့ဘူး။  ဦးငယ်ကတော့ ပိုင်နဲ့ တွဲပြီး အဆင်ကိုပြေလို့ ။  ယောကျာ်းလေးဆိုတော့ ငယ်ငယ်ထဲကဇာတိပြတာလေ။ အခုဆို မိန်းကလေးတွေ မြင်ရင် စတတ်နေပြီလေ။

အင်းထိန်းရအုံးမယ် ထိန်းရအုံးမယ်။





image from yahoo

Monday, 9 September 2013

မလေးနှင့်ကျောက်ပျဉ်

ဒီနေတော့ မလေးတစ်ယောက်တော့  ကျောက်ပျဉ်လေးနဲ့ တော်တော်လေး ကို နှစ်ပါးသွားခဲ့ရ ပါတယ်။  ဖြစ်ပုံကဒီလိုလေ မလေးတို့ မောင်နှမနှစ်ယောက် စလုံးကိုအ၀င် Immigration ကစပြီး လွဲခဲ့တာလေ။ ဒီလို မလေးသူငယ်ချင်းက မလေးကို ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး လက်ဆောင်ပေးလိုက်တာ။ မလေးအကျင့်က ငယ်ငယ်ထဲက သူများပေးတဲ့ လက်ဆောင်ဆိုရင် အဖိုးတန်တန်၊ မတန်တန် သေချာသိမ်းတတ်တယ်။ သွားလေရာလည်း ယူသွားတတ်တယ်။ မလေးတယောက်စလုံး ပြန်မယ်ဆိုတော့ သူငယ်ချင်းလေး ကကျောက်ပျဉ်နဲ့ သနပ်ခါးပေးတော့ ကိုယ်ကစလုံးထိ သယ်လာတာ။ immigration ကိုရောက်ရောပေါ့ အဲမှာ ရှေ့ က မြန်မာကောင်လေးနှစ်ယောက်က အလည်နဲ့ လာတာ။ သူတို့ နှစ်ယောက်ကို မေးတာပေါ့ ။ ဒီလိပ်စာက ဘယ်သူ့လိပ်စာလည်း ။ အစုံပေါ့မေးနေတာ။ အဲဒီနှစ်ယောက်က မေးတာကို ကြောင်ပြီးတော့ မဖြေဘူး။ အဲ့မှာတင်မောင်ငယ်က ကြားကနေ ၀င်ဖြေပေးလိုက်တာ။ ၀င်ဖြေပေးတော့ မေးတော့တာပေါ့။ ဘာတော်တာလဲ အဲဒီနှစ်ယောက်နဲ့ က ဆိုတော့ ဘာမှမတော်ဘူး။ လေယာဉ်ပေါ်မှာ အတူစီးလာလို့ ဝင်ဖြေပေးတာပေါ့ ။ အဲ့မှာတင်ကိုယ်ပါရောပြီး officer ခန်း လိုက်သွားရတာ။ officer ရုံးရောက်တော့ ဘာမှ မတော်ရင်ဝင်မဖြေပါနဲ့ ဆိုပြီး သွားသွားဆိုပြီး မလေးတို့ မောင်နှမနှစ်ယောက်က ထွက်လာရတာ။ မလေးတို့ ကlong term pass ဆိုတော့ ဘာမှပြသနာမရှိဘူး။ ဟိုနှစ်ယောက်တော့ကျန်ရစ်ခဲ့ ရှာတယ်။ တကယ်ကတော့ ကိုယ်ကနိုင်ငံခြားကို သွားဖို့ စိတ်ကူးထားရင် သူတို့ ဘာသာကို အတတ်နိုင်ဆုံးလေ့လာပြီးမှသွားတာ ကောင်းတယ်။ ဒါမလေးအထင်နော်။ တစ်ယောက်နဲ့ တစ်ယောက်က အမြင်ချင်းလည်း တူချင်မှတူမှာ။ immigration ဆိုတာသူတို့ မေးချင်တဲ့ လူမေးမှာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖက်ကပြည့်စုံနေဖို လိုတာပေါ့။ လူကြီးတွေဆိုရင်တော့ ပြသနာမရှိဘူးပေါ့။ လူငယ်တွေကျမေးတယ်လေ။

အဲဒါတင်ပြီးပြီလာဆိုတော့ မပြီးသေးဘူး။ အိတ်တွေရွေးပေါ့။ အဲ့မှာပြသနာကစတော့တာ။ luggage ကိုဖွင့်ပေးပါတဲ့။ တခုချင်းစီရှာတာ။ သူတို့ ကလည်း မတွေ့ ဘူးပေါ့။ မလေးက သဘောပေါက်လိုက်ပြီ။ ကျောက်ပျဉ်နေမှာ ။ မလေးကလည်း ဒါလားဆိုတော့မှ အိုး ဟုတ်တယ် အဲဒါဘာကြီးတုန်းတဲ့။ အဲတော့ရှင်းပြ ရတော့တာပေါ့။ ဒါကငါတို့ ရဲ့ 
မြန်မာ့ရိုးရာ မိတ်ကပ်ပေါ့ လိမ်းထားရင်လည်း အေးတယ်ပေါ့။ အဖုအပိန့် လည်း သက်သာတယ်ပေါ့။ သူတို့ ကိုရှင်းပြရင်းနဲ့ စိတ်ကလည်းနည်းနည်း တိုနေပြီ ။ဘာလို့ လဲဆိုတော့သူတို့ က အဝတ်တွေကို အကုန် ဖွထားတာလေ။ အဲအချိန်မှာပဲမလေးကလည်း ရေပေးပါဆိုပြီး သူတို့ ကိုတောင်းလိုက်တာ။ သူတို့ ကလည်းရေပေးရော ဘယ်ပြောကောင်းမလဲ ကျကျနန ထိုင်ပြီး ကျောက်ပျဉ် နဲ့ သနပ်ခါးကိုသွေး ၊ ပြီး မောင်ငယ်ကို  သူတို့ နှစ်ယောက်ကို လိမ်းပေးလိုက်လို့ ပြောလိုက်တာ။ သူတို့ကလည်းသိပ်စပ်စုတာ စောင့်ကိုနေကြတာ။ ဘယ်ပြောကောင်းမလဲ မောင်ငယ်ကလည်း သူတို့ တစ်မျက်နှာလုံးကို ဖွေးဖွေးဆွတ်လို့ လိမ်းပေးလိုက်တာ။ သူတို့ ကလည်း သဘောတွေကျပြီး very cool very cool နဲ့ ။  သူတို့ ကတော့ သူတို့ ကိစ္စမရှိတော့ဘူး ဆိုတော့ထွက်သွားလို့ ရတယ်လေ။ ကိုယ်တွေကတော့ တခုချင်းကို luggage ထဲပြန်ထည့်နဲ့ ဆိုတော့အချိန်က ကြာသွားတာပေါ့။ လာကြိုနေတဲ့ သားဖေကတော့ ဘာမှမသိပဲ ကြာတာဆိုပြီးတပျစ်တောက်တောက်။ ဟင်းဟင်းစိတ်ရှည်တယ်နော်......။


Tuesday, 3 September 2013

ဘလော့ဂ်ကြီးပေါ် ငုတ်တုတ်ထိုင်

ဒီနေ့ ကတော့ ဟက်ပီးဘလော့ဂ်ဒေး အမှတ်တရပါ။
ဒီပိုစ့် လေးရေးဖို့ အကြောင်းဖန်လာတာကတော့ မလေးရဲ့ ချစ်ညီမ ဇီဇာကြောင်လေး အကြောင်းပါ။ အခုဆိုရင်လူတွေ တော်တော်များများက ဖေ့ဘွတ်ဖက်ကို အရောက်များကြတယ်။ ဖေ့ဘွတ်ကတကယ်လည်း သတင်းအစုံပလုံ အများကြီးကို သိရပါတယ်။ ဒါပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဆိုရင် မကောင်းချင်ဘူး။ မလေးညီမအငယ်ဆို မိုးလင်းတာနဲ့  ဖေ့ဘွတ် အရင်ကြည့်တာ။ ပြီးရင်ရုံးသွား သွားတဲ့ လမ်းတလျှောက်လုံး တောက်လျှောက်ဖေ့ဘွတ်၊ ဘလော့ဂ်အကုန် အရင်ဖွင့်ထားတာ။ ပြီးရင် အသစ်တင်သမျှ ဘလော့ဂ် တော်တော်များများကို ဖတ်ပြီးပြီဆိုမှ ကျန်တာလုပ်စရာရှိတာလုပ်တာ။ ငယ်လေးကရုံးမှာဆိုလည်း ဘလောဂ်တွေ ရဲ့ ပိုစ့် အသစ်တွေကို အရင်လိုက်ဖတ် ဖတ်လို့ မပြီးသေးခင်များ သူ့ ဘောစ်က statement လေးထုတ်လိုက်ပါအုံး၊ invoice လေးထုတ်လိုက်ပါအုံးဆိုရင် ငယ်လေးကမကြိုက်တော့ဘူး။ စိတ်ဆိုးတော့တာလေ။ စိတ်ဆိုးပြီးတော့ မျက်နှာကြီးကိုစူပုတ်လို့ ။ သူကစိတ်ဆိုးပြီး မလေးဆီဖုန်းဆက်ပြော၊ အဲဒါဆိုမလေးက ပြောရတော့တာလေ ။ ဟဲ့ကိုယ်ကသူများနိုင်ငံမှာ အလုပ်လုပ်နေတာလေ၊ ဒီလောက်တော့ ရှိမှာပေါ့လို့ ။ မလေးကနားလည်ပါတယ် ။ အဝေးမှာနေရတဲ့ အချိန်မှာ အဲလိုရသမျိုးစုံ ၊ စာမျိုးစုံ ဖတ်ရတော့ စိတ်ထဲမှာလည်း ပျော်ရွှင်မိတယ်။ အလွမ်းလည်း ပြေတာပေါ့။

ပြောသာပြောရတာ မလေးညီမငယ်လေးက သူကိုယ်တိုင်လည်း ဘလောဂ့်ကို ဖွင့်ထားတာ နှစ်တွေ ကြာလှပြီ။ အပေါင်းအသင်းလည်း တစ်ယောက်မှ မရှိဘူးရယ်၊ မလေးဆိုတာက ဘလော့ဂ်ကို ရေးတာ ၁နှစ်တောင်မရှိသေးဘူး။  ချစ်ခင်ရတဲ့ ဘလော့ဂ် ညီမလေး တွေရနေပြီ။ မလေးက သူကိုပြောပြတာပေါ့။ ငယ်လေးနင် ဘလောဂ့်ရေးနေတာ ကြာလှပြီ ။ ဘယ်သူတွေနဲ့ ခင်နေပြီလဲပေါ့။ အားတက်စရာ ။ ခုထိတော့ တစ်ယောက်မှ ရှိသေးဘူးတဲ့လေ။ ငယ်လေးကိုပြောပြရတာ ဘလော့ဂ်က မိတ်ဆွေ ညီ အစ်ကိုမောင်နှမ တွေက သဘောကောင်းကြတယ်။ နင်လည်း မန့် တာလေးတွေ ဖွင့်လိုက်ပါလို့ ပြောတော့ ငယ်လေးက မန့် လာရင် ဘာပြန်ပြောရမှန်း မသိလို့ တဲ့လေ။ အဲလို့ ဖရန်းတလီစ် အရမ်းဖြစ်တာရယ်။

တစ်ကယ်တော့ မလေးနဲ့ ငယ်လေးက ငယ်ငယ်ထဲက စာရေးစာဖတ်တာကို အရမ်းဝါသနာကြီးတာ။ 
ကိုယ်ကသူ ဘလော့ဂ် ပေါင်းစုံ ၀င်ဖတ်တာကို မသိဘူးလေ။ အဲဒီတော့ မလေးက ဘယ်ဘလော့ဂ်က ဝတ္တု ကောင်းတယ်လို့ ပြောရင် သူက ဖတ်ပြီးသား ဖြစ်နေပြီ ။ ဟိုဘလော့ဂ်က ကလေးလေးက လည်လိုက်တာဆို ကလေး မိသားစုက ဘယ်က ကလေးလေး နံမည်က ဘယ်သူ နဲ့ အကုန်သိပြီးသား ဖြစ်နေပြန်ရော ။ အလှအပ ဘလော့ဂ် ဆိုရင်လည်း ကိုယ်က ပြောမယ် ကြံသေး အဲတာ ဘယ်သူ ဘယ်မှာ နေတာနဲ့ သူက သိပြီးသား ဖြစ်နေပြန်ရော။ အဲ့လို အလွတ်ရလောက်အောင်ထိ ဖတ်နေပြီး ခုချိန်ထိ အပေါင်း ၊ အသင်း မရှိတဲ့ ငယ်လေးကို မလေးကတော့ ဘလော့ဂ် ပေါ် ငုတ်တုတ်ထိုင် လို့ အမည်ပေးရင်း Happy Blog Day ပါနော် ။


image from yahoo

Saturday, 31 August 2013

ပုဇွန်လေးနှင့် လျှိုဝှက်စွာ

မလေးတစ်ယောက် အခုတလော သားပိုင်အကြောင်းတောင် မရေးဖြစ်တာကြာပြီ။ မလေးသားပိုင်က အခုဆို ၂ နှစ်ရှိပြီ။ စကားကလည်း လူကြီးတွေ ပြောသလိုကို ပြောတတ်နေပြီ။ အခုတလောဖုန်းလာတယ်ဆိုရင်လည်း ပြေးကိုင်ပြီး (ဘယ်သူရယ် ဘယ်ဝါရာယ်တော့ မသိဘူးပေါ့နော် ) ကလေးဆိုတာသူတို့ တတ်တာလေးကိုပြောချင်တာ။ ဖုန်းကိုင်ပြီးတာနဲ့  apple ပန်းသီး ၊ orange လိမ္မော်သီး ၊ goat ဆိတ် အဲလိုလေးတွေပေါ့နော် သူသိတာလေးတွေ ပြောပြီးဖုန်းကို ချလိုက်ရော။ ဟောတခါတလေကျလည်း "ဟလို ဘယ်သူလဲ၊ ဒါပဲနော်" ဆိုပြီး ချလိုက်ရော။ ပိုင်ဘယ်သူလဲဆိုပြီး မေးရင် ဘယ်သူဆက်ဆက် ဦးငယ်လို့ အမြဲပြောတာ။ အဲဒါ ပစ္စည်းမှာတဲ့ လူများလားဆိုပြီး ပေါ်တဲ့နံပါတ် ပြန်ခေါ်ရတော့တာ။ ဟန်းဖုန်းဆိုလည်း သူ့ အိတ်ထဲထည့် ပြီးဖွတ်တယ်လုပ်သေးတာ။ ပြီးတော့ အဖိုးနဲ့ အဘွားကိုလည်း ဖုန်း screeen ကို ဒီလိုလက်ကလေးနဲ့ ထိရတာဆိုပြီး သင်ပေးလေရဲ့။ အဖိုးနဲ့ အဘွားကတော့ ဟုတ်ပ ငါ့ မြေးကမှ သင်ပေးဖော်ရသေးဆိုပြီး တဟားဟားနဲ့  သဘောကျလေရဲ့ ။



 
   ဖုန်းကြိုက်သောပိုင်
 
သားပိုင်ကနဲနဲလည်း ကြီးလာပြီဆိုတော့ လူကလည်လာပြီလေ။ ပိုင်ကပုဇွန်ခြောက် အရမ်းကြိုက်တာ။ မလေးတို့ ကလည်း ကျွေးဖြစ်တာပေါ့နော်။ နောက်မှ မလေးသူငယ်ချင်းက ပုဇွန်ခြောက်အရမ်းမကျွေးနဲ့  တုတ်ကောင် ထွက်တတ်တယ်တဲ့။ အဲဒါနဲ့ မလေးတို့ ကလည်း ပိုင်မမြင်အောင် ဖွတ်ထားတာပေါ့ ။ မလေးတို့ ကပုဇွန်ခြောက်ကို ရေခဲသေတ္တာထဲသိမ်းမှန်းသိတယ်လေ။ အဲဒါပိုင်က လူကြီးတွေခေါ်ပြီး ဖွင့်ခိုင်းတာ ။ ပြီးရင်ပုဇွန်ခြောက်ကိုတွေ့ အောင်ရှာတာ ရှာလို့ တွေ့ ရင် တွေ့ ပြီဆိုပြီး ၀မ်းသာအားရနဲ့ ကျွေးခိုင်း တော့ တာ။ နောက်တော့ သားကိုရှင်းပြရတာ။ ပုဇွန်ခြောက်တွေ စားရင် ကောင်ကောင်ကြီးတွေ ထွက်တတ်တယ်လို့ ပြောတော့ ပိုင်နောက်ဆို စားတော့ဘူးနော်တဲ့။ သားက အလိုပြောတော့ မိဘဖြစ်တဲ့ ကိုယ်ကစိတ်မကောင်း။

ပိုင်ကယောကျာင်္းလေးဆိုတော့ ကွန်ပျူတာတို့ ၊ ဖုန်းတို့ ၊ တက်ပလက်တို့ သိပ်စိတ်ဝင်စားတာ၊ တီဗီ ဆိုလည်း ကွန်ထရိုးကို အဖွင့်၊အပိတ် channel ပြောင်းတာတွေ ဘယ်တော့မှ မမှားဘူး။ ကွန်ထရိုးကတော့ ဘာမှမဖြစ်ဘူး၊ ကိုင်လို့ ရတယ်၊ တခြားအရာတွေကို မလေးက မကိုင်စေချင်ဘူး။ ကလေးကငယ်သေးတော့ ပေးမကိုင်စေချင်တာ။ မကိုင်စေချင်ဘူးသာပြောရတာ မလေးကိုယ်တိုင်တောင် တခါတလေဆို သားရေ mouse လေးရွှေ့ လိုက်ပါအုံး ၊ တခါတလေကျတော့လည်း သားရေ enter လေးနှိပ်လိုက်ပါအုံးဆိုလည်း မှန်အောင်နှိပ်တတ်တာ။ အဲ့ တော့လည်း သြော်သားလေးတော်လိုက်တာဆိုပြီး မိဘဖြစ်တဲ့  မလေးတို့ က၀မ်းသာရတာပေါ့။ တခါတလေ ဂိမ်းဖွင့်ထားရင်လည်း ပိုင်က mouse ကိုင်ပြီး ကလစ် ကလစ်နဲ့ လျောက်နှိပ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်တဲ့ အရာတွေဆို မကြောက်မရွံ ကိုင်ရဲတော့တာ။ မလေးတူလေးကျတော့ ကွန်ပျုတာဆိုလည်းမထိရဲဘူး။ သားသားသွား ညီလေးပိုင်နဲ့ ဂိမ်းသွားဆော့ချည်ဆိုလည်း ဝေးဝေးကသာ ရပ်ကြည့် နေတာ။ သားတော်မောင်ကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် mouse နဲ့ လျှောက်နှိပ်ပြီးတော့ ဟီးရိုးကြီး လုပ်ပြနေလေရဲ့ ။



Saturday, 24 August 2013

မလေး နှင့်စလုံး-၁

ဒီနေ့ ကတော့ မလေးရဲ့ အလွဲတွေရေးချင်တာလေ။  ဒီလို ဒီလိုမလေး စလုံး မှာကျောင်းတက်တုန်းက အလွဲတွေလေ။  ကျောင်းစတက်တော့ မလေးနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက် ကျောင်းအတူတူတက်တာလေ။ သူကစလုံးကို အရင်ရောက်နှင့်တာ။ မလေးက ၅ရက်နောက်ကျပြီးမှ စလုံးရောက်တာ။ ကျောင်းဖွင့်ရက် တင်္နလာနေ့ ရောက် တော့ မလေးက ကျောင်းသွားတာပေါ့။ သူငယ်ချင်းက ကျောင်းရှေ့ ထိလိုက်ပို့ ပေးတယ်။ သူကပြောလိုက်သေးတယ်။ department ကအများကြီးနော်။ အခန်းသေချာကြည့်ဝင်တဲ့လေ။ သူက ICA သွားစရာရှိ လို့ ဆိုပြီးကျောင်းမလာဘူး။ မလေးကိုပဲသီးသန့် လိုက်ပို့ ပေးတာ။ ဒီလိုနဲ့  department ကြည့် အားလုံးအဆင်ပြေပေါ့။

ပထမအချိန် F1 ဆရာစာသင်တယ်။ အဆင်ကိုပြေလို့  ဒုတိယအချိန် F2  ok ပေါ့။ တတိယအချိန်မတက်ခင် ၁၅ မိနစ်နား အဲ့မှာ အလွဲကစတော့တာပဲ။ မလေးကလည်း နားတုန်း library သွားပါအုံးမယ်လေဆိုပြီး သွားတာ။ library ကို ရောက်ရော ခုံတစ်ခုံမှာဝင်ထိုင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ယူပြီးဖတ်နေတာ။ အဲ့အချိန်မှာ ဘေးက ခုံအလွတ်မှာထိုင်လို့ ရလားတဲ့မေးတာနဲ့  ရတယ်ထိုင်ပေါ့ ။  ထိုင်ပေါ့လို့ ပြောရင်း သူ့ မျက်နှာကိုကြည့်လိုက်မိတာ။ စိတ်ထဲကနေဟယ် ချော လိုက်တာ (မြန်မာတော့မဟုတ်တာသေချာတယ်၊ သူကလည်းအင်္ဂလိပ်လိုမေး ကိုယ်ကလည်းဖြေဆိုတော့  အရပ်ရှည်ရှည် အသားဖြူဖြူ၊ မျက်လုံးကလည်း ပြာမှာလိုလို နက်မှာလိုလိုနဲ့ ) ဆိုတော့ မြန်မာကတော့မဟုတ်တာကသေချာတယ်။ အဲ့အချိန်မှာပဲ သူငယ်ချင်း ဒေါ်မော်ဒယ်ကဖုန်းဆက်ပါရော။ သူကိုမလေးက အားရပါးရကိုပြောနေတာ။ နင် ICA ကိုနောက်နေ့ မှ သွားလို့ ရရဲ့သားနဲ့ ဒီမှာကောင်လေးတစ်ယောက် ချောလိုက်တာ လို့ သူ့ ကို အပီအပြင် ပြောနေတာ။ မလေးဖုန်းပြောတာကို ကိုယ်တော်ချောက ပြုံးပြုံးကြီး ကြည့် နေတာ။

သူငယ်ချင်းကိုပြောလိုက်သေးတာ။ ဟယ်သူ့ ခမျာ သနားပါတယ်။ ငါပြောတာနားမလည်ရှာဘူး ဆိုပြီး ဖုန်းထဲကနေအပီ ကိုပြောနေတာ။ နောက်တော့ F3 ချိန်ရောက်တော့မယ် ဒါပဲ ဒါပဲဆိုပြီး ဖုန်းကိုပိတ်ပြီး ထမယ်အလုပ် ကိုယ်တော်ချောကလေ ဟုတ်ကဲ့ ကျွန်တော် မြန်မာပါခင်ဗျာ ၊ ရန်ကုန်ကပါတဲ့  မလေးဆိုတာလေ ပူထူပြီးတော့ အတန်း ကိုတန်းလို့ ပြေးပါလေရော။ အဲဒါနဲ့ အတန်းထဲရောက် F3 ဆရာမကစာသင် အစအဆုံး အဆင်ကိုပြေလို့  ပြီးခါနီးမှ လွဲတော့တာ။ ဆရာမကပြောလိုက်တာက ' တောက်တယ်ကော့စ်'  ဆိုတော့ ဟယ်ဘာလဲပေါ့ ဆိုပြီး စာရွက်ကို ဟိုဘက်လှန်လိုက် ဒီဖက်လှန်လိုက်နဲ့  ဘေးမှာထိုင်တဲ့ ဟောင်ကောင်ကလာတက်တဲ့ တယောက်က ဘာဖြစ်လို့  လဲတဲ့ ။ မလေးကလည်းဘာမှ ဖြစ်ဘူးလို့ ပြောလိုက်တာ။ စိတ်ထဲက အရမ်းသိချင်နေတာ။ အဲဒါနဲ့ အတန်းပြီးရော ဆရာမနောက်လိုက်သွားပြီး နောက်ထပ်ရှင်းပြပေးလို့ ရမလားလို့ ဆရာမကိုမေးတော့ ရတယ် ။ ok ပေါ့ ။ ဆရာမ ရှင်းပြရင် သေချာတော့ကြည့်ထားရမယ် ဆိုပြီး ကိုယ်ကို ကိုယ်ပြောထားတာ။ 

ဆရာမက သေချာရှင်းပြပေးတယ်။ နောက်ဆုံးအဆင့်ရောက်ခါနီးမှပဲ သိလိုက်ပါပြီ။ သြော် တောက်တယ်ကောစ့်ဆိုတာ (Total Cost) ကိုပြောတာပါလား ဆိုပြီး အလွဲတွေးတတ်တဲ့ ကိုယ်ဟာ ကိုယ်ပဲ အပြစ်တင်မိတော့တယ်။ ရောက်ခါစဆိုတော့ singlish ကို အထာမကျတာ လည်းပါမှာပေါ့။


Monday, 19 August 2013

ခွဲစိတ်ခန်းမှ အလှပုံရိပ်-၂

ဟိုတနေ့ ကရေးရင်းနဲ့ ရပ်လိုက်ရလို့ ။ ဒီနေ့ မှဆက်ေ၇းရတော့မယ်။ ဒီလိုလေ သားက တင်ပဆုံထဲညှပ်နေတယ်တဲ့ ချက်ချင်းခွဲရမယ်တဲ့။ ရုတ်တရက်ဆိုတော့ ဘယ်သူမှ စဉ်းစားချိန်တောင် မရလိုက်ဘူး။ ခွဲခန်းထဲရောက်သွားတယ်။ ခွဲစိတ်ခန်းထဲရောက်တော့ မေ့ဆေးအထူးကုဆရာဝန်က ခါးအလယ်ကို ညှစ်ပြီး ဆေးထိုးလိုက် တာကိုသိလိုက်တယ်။ သတိကတော့မမေ့ဘူး ။ ခွဲနေပြီဆိုတာတော့သိတယ်။ ချက်ချင်းကြီးဆိုတော့ ကြောက်ချိန်တောင် မရလိုက်ရဘူး။ ဘုရားစာတော့ ရွတ်နေတာပေါ့။ ကြားဖြတ်ပြောရအုံးမယ်။ မလေးသူငယ်ချင်းက မလေးအရင်တပတ် စောတယ်မွေးတာ။ အဲဒါသူက ခွဲစိတ်ခန်း ၀င်ခါနီးမှာ ကြောက်တော့ သွေးအရမ်းတိုးလာလို့  သွေးပြန်ကျအောင် ၂နာရီလောက်စောင့်လိုက်ရတယ်။ 

ပုံမှန်ကတော့ ခွဲမွေးတာက ၇ရက် ဆေးရုံမှာနေရတယ်။ မလေးက ကလေးရော လူကြီးရော ကျန်းမာလို့ ၆ရက်နဲ့ ဆင်းရတယ်။ ဆရာဝန်တွေက ၇ရက် တက်ခိုင်းတာက ပထမတရက်က medical check up လုပ်ရတာ။ မလေးကချက်ချင်းခွဲတာမို့ check up မလုပ်လိုက်ရတာ check up ဖိုး ၄၃၀၀၀ သက်သာသွားတာပေါ့။ နာရီဝက်လောက်နေတော့ သားသား ငိုသံကြားရရော။ သြော် သားလေးမွေးပြီဆိုတာ သိလိုက်တော့ တအားကို ပျော်သွားတာ။ အဲအချိန်မှာအိုဂျီက သမီး သားလေးက ကိုယ်လက်အင်္ဂါလည်းစုံတယ် အရမ်းလည်း ချစ်စရာကောင်းတယ် လို့ ပြော ရင်း မလေးရင်ဘတ်ပေါ် ခဏလာတင်ပေးတယ်။ ပြန်ချုပ်တာနဲ့  ဘာနဲ့ ဆိုတော့ စုစုပေါင်း အချိန် ၁နာရီခွဲလောက်ကြာတယ်။

ခွဲခန်းထဲက ထွက်လာပြီး တော့ မလေးကအိပ်ပျော်သွားတာ။ ဘာမှလည်းမနာဘူး။ nurse ကလည်းပြောပါတယ်။ မနာတဲ့ဆေးထည့်ပေးလိုက်တာတဲ့။ ခဏနေတော့ အိုဂျီရောက်လာပြီးတော့ သမီးစားချင်တာ အစုံစားနော်တဲ့  ။ သမီးများများစားမှ ကလေးကအားရှိမှာတဲ့။ ကြားဖြတ်ပြောဖို့ မေ့နေတာ။ အိပ်ရာကနိုးလာတော့ nurse က အစ်မ juice သောက်မလား ၊ ရေသောက်မလား ကော်ဖီ သောက်မလားတဲ့။ အဲဒါနဲ့ မလေးကလည်းရေပဲသောက်ချင်တယ်လို့ ပြောတော့ ရေတိုက်ပေးတယ်။ ၂နာရီတခါ pressure လာတိုင်းတယ်။  တကယ်တမ်းတော့ ကလေးမွေးပြီးပြီးခြင်း ဟင်းချိုပူပူလေးသောက်တာကောင်းတယ်။ မလေးတစ်ယောက်သားကိုမွေးပြီး စားကောင်းလိုက်ပုံများ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ကို အိမ်ကမနားတမ်းပို့ နေရတာ။

ခွဲမွေးတာဆိုတော့ ၀မ်းမချုပ်အောင်လည်း ဂရုစိုက်ရတယ်။  လူကြီးတွေကတော့ ခေါင်းမလျှော်ရဘူး။ ဘာမှ မလုပ်ရဘူး အစုံပေါ့နော်။ မလေးကတော့ ၁၅ရက်နေတော့ ခေါင်းလျှော်တယ်။ ရေကတော့နေ့ တိုင်းချိုးဖြစ်တယ်။  သားသားကိုတော့ nurse က တရက်ခြားရေချိုးပေးတယ်။ မိဘဖြစ်သွားပြီဆိုတော့ အစစအရာရာတော့ ဂရုစိုက်ရတော့တာပေါ့နော်။ မလေးရဲ့ nurse ကပြောပြတာက ကလေးတစ်ယောက်က မွေးပြီး၁လကျော်လောက်ထိကို နို့ စို့ လိုက် အိပ်လိုက်လုပ်နေမှ ကျန်းမာပြီး ညဏ်ရည်ဖွံဖြိုးတာ တဲ့။



image from yahoo



Tuesday, 13 August 2013

ခွဲစိတ်ခန်းမှ အလှပုံရိပ် - ၁

ဒီနေ့ မလေးရေးချင်တာလေးက သားကိုမွေးတုန်းက အကြောင်းလေးပါ။ မလေးကသားကို ခွဲမွေးတာ။ တကယ်တမ်းကတော့ ရိုးရိုးမွေးတာအကောင်းဆုံးပါ။ ခွဲမွေးတော့ အစစအရာရာဆင်ခြင်ရတယ်။ တခါလေကိုယ်ဟာကိုယ် အစားများသွားလို့ ဗိုက်ကလေးအောင့်ရင်တောင် ဗိုက်ကဘာဖြစ်တာလဲဆိုပြီး စိတ်ပူတာ။ မလေးက ဆေးထိုးဆေးသောက် သိပ်ကြောက်တာ.။ တော်ရုံလည်းဘာမှမဖြစ်တတ်ဘူး။ ဗိုက်ခွဲမွေးပြီးမှ ပဲဟို နားက အောင့်ချင်သလိုလို ဒီနားကအောင့်ချင်သလိုလို (တကယ်တမ်းကဘာမှမဖြစ်ဘူး ဂရုစိုက်တာလိုချင်တာ)။ ခွဲမွေးတာမို့ လို့  မလေးကတော့ ၆လတခါလောက်အိုဂျီနဲ့ စစ်ဖြစ်တယ်။ အိုဂျီကတော့ ပြောရှာပါတယ် ။ ဘာမှမဖြစ်ဘူးစိတ်မပူနဲ့  အားလုံး clear ဖြစ်တယ် ။ မလေးကိုက ရှာကြံပြီး စိုးရိမ်တာ။ 

ဒီလို မလေးကသားကိုမမွေးခင် တရက်အလိုညက မိုးတွေကလည်းတအားရွာတာ။ မှတ်မှတ်ရရ ညကလည်း၁၀ နာရီလောက်ရှိနေပြီ ။ ကိုယ်ဗိုက်ကလည်း အတင်းဆာတော့ ပေါင်မုန့် မီးကင်လေးစားလိုက်တာ။ စားပြီးလည်း ဗိုက်ကမ၀သေးပါဘူးဆိုပြီးတော့  ထမင်းနှစ်ပန်းကန်ထပ်စားဖြစ်ရော။ စားပြီးတော့လည်း ချက်ချင်းကြီးအိပ်လို့ မဖြစ်ဘူး လမ်းလေးလျှောက်အုံးမှရဲ့ ဆိုပြီး လမ်းလျှောက်နေတာ။ တစ်နာရီလောက်ကြာတော့ အိပ်ပါတော့မယ်လေဆိုပြီး အိပ်ရာဝင်တာ ။ အဲဒါလေဘယ်လိုမှကို လှဲလို့ မရဘူး။ လှဲလိုက်ရင်ဗိုက်ကနာလာရော။ အဲဒါနဲ့ မလေးကလည်း အင်းငါတော့ အစားများသွားပြီထင်တယ် အိပ်လို့ မရ။ အဲလိုနဲ့ ပဲ အိပ်လိုက် ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့  မိုးလင်းသွားပါရော။ နောက်နေ့ မနက်ရောက်တော့မှ စတော့တာ။ အိမ်ကတအိမ်လုံးကလည်း ညကတည်းက ကောင်းကောင်းမအိပ်ရတာသိနေတော့ အိုဂျီဆီသွားပြပေါ့ ။ မနက် ၆နာရီဆိုတာကလည်း စောနေသေးတယ်ပေါ့။ ဆေးခန်းဖွင့်ချိန်ရောက်ရင်တော့သွားအုံးမှ ။ ၆နာရီခွဲလောက်ရောက်တော့ ဗိုက်ကတော်တော်နာလာတာ။ မလေးတို့ မေမေကတော့ မမွေးသေးပါဘူး။ မွေးဖို့ ရက်က လည်း၅ရက်လောက်လိုသေးတဲ့ဟာ။ နာတာကလည်း သွေးလေးတစ်စက်ကျသွားရင် ဗိုက်ကမနာတော့ဘူး။ တအိမ်လုံးကတော့ မနာနာ နာနာအိုဂျီဆီကို သွားပြ ပေါ့ နော်။ အဲအချိန်မှာပဲ အိမ်နားကအန်တီကြီးတစ်ယောက်က ရောက်လာတာ ပြီးတော့မလေးကိုကြည့်ပြီး မလေးရယ်ဘယ်လိုဖြစ်သွားတာလဲ မျက်နှာကိုတအားကျသွားတာ ။ မနေ့ ကတောင်မျက်နှာလေးကပြည့် ပြည့်ဖောင်းဖောင်း လေးတဲ့ ။ အဲဒါနဲ့ မလေးလည်းဟုတ်တယ် သတိထားမိတယ် ။မနက်ကမှန်ကြည့်တော့ တအားကို မျက်နှာကကျသွားတာလို့ ပြောတော့ အဲ့အန်တီကမွေးချင်လို့ နေမှာပေါ့။

အဲဒါမလေးမေမေက မမွေးသေးပါဘူး ။ မွေးချင်ရင်ရေမွှာအရင်ပေါက်တာ။  (အပျိုကြီးဘာမှမသိပဲနဲ့ ဆိုပြီး မေမေကပြောသေးတာ)  မေမေတို့ သိတာကမွေးခါနီးရင် ရေမွှာပေါက်တယ်ဆိုတာပဲသိထား
တာလေ ။  မလေးတို့ တောင်အဲလိုပဲသိထားတာ ။ ဘာပဲဖြစ်ဖြစ် အိုဂျီကိုလည်းဖုန်းဆက်ပြီးပြီဆိုတော့ သွားတော့ပြလိုက်မယ်။ မမွေးသေးဘူးဆိုလည်းပြန်လာမယ် ။ လိုအပ်တာတွေကတော့အားလုံးယူသွားတာပေါ့နော်။ ဒီကြားထဲမှာတော့ ဗိုက်ကမနာတော့ဘူးဆိုတော့ အလှကပြင်လိုက်သေး။ နေ့ လည်လောက်ရောက်တော့ အပြင်အထူးကုဆေးရုံ ကိုရောက်ရော။ ရောက်တော့ ခဏနေအိုဂျီလာမှာ ဆိုပြီး လက်ထောက်ဆရာဝန်က အရင် စမ်းသပ်ပေးမလို့ လုပ်တုန်း ဗွမ်းဆို သွေးတွေအများကြီးကျတာ။ ဘာဖြစ်တာလဲဆိုပြီး အားလုံးကအရမ်းစိုးရိမ်ကြတာ။ လက်ထောက်ဆရာဝန်ကဘာမှ မဖြစ်ဘူး။ အစ်မကသွေးမွေး မွေးတာတဲ့။ တချို့ တွေက ရေမွှာမပေါက်ဘူးတဲ့ ။ သွေးမွေး မွေးတာတဲ့ ။ အိမ်ကလူတွေအားလုံးကို လက်ထောက်ဆရာဝန် ကရှင်းပြနေတာ။ အဲအချိန်မှာပဲ အိုဂျီကလည်းရောက်လာပြီးတော့ စမ်းသပ်တာပေါ့ ။ ချက်ချင်းခွဲရမယ်တဲ့ အမှန်ဆိုမနေ့ ကတည်းကမွေးမှာတဲ့ ။ ကလေးကလှည့်ရင်းနဲ့  တင်ပါးဆုံထဲ ညှပ်သွားလို့ ချက်ချင်းခွဲရမယ်တဲ့လေ။



Image from yahoo